Friday, December 11, 2015

ရခိုင့် သမိုင်းအကျဉ်း ၊ Rakhine National Posts

မြန်မာတို့၏ မဟာမုနိ စစ်ဆင်ရေးများ
……………………………………..
ရက္ခ
……..
ငတုံငမင်( စောရွှေလူ ) မင်းသားအလွန်မှ စတင်ကာ ရှမ်း(မွန်ဂို) ၊ တရုတ် နှင့် ပျူတို့ ၏ ကျူးကျော်ရန်စစ်ကို အကြိမ်ကြိမ်ခံခဲ့ရပြီးသော စစ်ဒဏ်သင့် ဝေသာလီမြို့ကို စွန့်ခွာကာ လေးမြို့ခေတ်( ပဉ္စာမြို့ ) ကို စတင်ထူထောင်ခဲ့သည် ။ လေးမြို့ခေတ်သည် AD- ၈၁၈ မှစတင်ကာ AD-၁၄၃၀ ထိ တည်တံ့ခဲ့ သည် ။ ပုံမှန်အားဖြင့်ကြည့်လျှင် လေးမြို့ခေတ်တွင် စိုးစံကြသော ရခိုင့်ဘုရင်မင်းမြတ်တို့မှာ အရည်ချင်းရှိကြ သောဘုရင်များဖြစ်ကြသည်ဟု ဆိုရမည် ။ ထို့ကြောင့် လေးမြို့ခေတ်တွင် တိုင်းတပါးမှ ကျူးကျော်ဝင်ရောက် ခဲ့မှုရှိခဲ့သော်လည်း ယိမ်းယိုင်မသွားခဲ့ပဲ အရည်ချင်းရှိသောဘုရင်တို့က တိုင်းရေးပြည်ရာများကို ပိုမိုတောင့်တင်း ခိုင်မာအောင်ပင် လုပ်ဆောင်နိုင်ခဲ့ကြသည်ကို တွေ့ရသည် ။ အစောပိုင်းဝေသာလီခေတ်တွင် တစ်နေရာမှတစ် နေရာ လှည့်လည်သွားလာတိုက်ခိုက်နေကြသော မွန်ဂို ၊ ရှမ်း ၊ တရုတ်တပ်ဖွဲ့များသည် ရခိုင်ပြည်သို့ ရည်ရွယ် ချက်မရှိပဲ ၀င်ရောက်တိုက်ခိုက်ဖျက်စီးမှုများကို မကြာခဏကြုံခဲ့ရသော်လည်း လေးမြို့ခေတ်သို့ ရောက်သော အခါ မရှိသလောက်နည်းပါးခဲ့သည် ။ သို့သော် လေးမြို့ခေတ်မှစတင်ကာ ရခိုင်ပြည်ထောင်သည် မြန်မာတို့ နှင့်မူ ပို၍ ထိတွေ့လာခဲ့ရသည် ။ ထိုသို့ထိတွေ့ရမှုများမှာလည်း မြန်မာတို့မှ ရခိုင်ပြည်ကို ၀င်ရောက် စစ်ပြုခဲ့ ခြင်းများကြောင့်သာ ဖြစ်သည် ။ မြန်မာတို့၏ စစ်ရေးအရ ရခိုင်ပြည်သို့ဝင် ရောက်ခြင်းများသည် ရခိုင်ပြည်၏ အချုပ်အခြာကို ထိပါးရန်နှင့် အာဏာလုရန်မဟုတ် ဟုပင် သုံးသပ်နိုင်သည် ။ ဦးရွှေဇံနှင့်တကွ ရခိုင့် ဆရာတချို့ ကောက်ချက်ဆွဲကြည့်သည့်အတိုင်းပင် ရခိုင့်မဟာမုနိနှင့် ပတ်သက်သော ကျူးကျော်စစ်ပွဲများဖြစ်နိုင်ပါသည် ။ ရခိုင်ပြည်မှ ရခိုင့်ဘုရင်မင်းဆက်တိုင်း အမြတ်တနိုးထား ကိုးကွယ်လာခဲ့ကြသော တတိယဓည၀တီခေတ် ဘုရင်ကြီးစန္ဒာသူရိယလက်ထက်မှ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် ရခိုင်ပြည်-ဓည၀တီသို့ကြွရောက်ကာ ရင်ငွေ့ တော်ထည့်သွင်း သွန်းလုပ်ပူဇော်ခွင့်ပေးခဲ့သော မဟာမုနိရုပ်ရှင်တော်မြတ်ကို ပင့်ဆောင်ယူနိုင်ရန် စစ်ခင်းကြ ခြင်းများသာဖြစ်လိမ့်မည်ဟု ယူဆနိုင်ပါသည် ။
 ရှေးအဆက်ဆက်တွင် သီးသန့်ဆန်ဆန်နေထိုင်ခဲ့သောရခိုင်ပြည်သည် မြန်မာပြည် မင်းတို့နှင့်လည်း အစဦးပိုင်းတွင် အဆက်အဆံများများစားစား မရှိခဲ့ပေ ။ သုသေသီတို့က မြန်မာလူမျိုးများကို မွန်ဂိုလွိုက်များမှ ဆင်းသက်လာသည်ဟု ဆိုသည် ။ ရခိုင်လူမျိုးသည် ထိုအထဲတွင် အကျုံးဝင်သည် မ၀င်သည် ကိုမူ သတိချပ်စရာပင် ဖြစ်သည် ။ ရခိုင်နှင့် မြန်မာတို့သည် အများအားဖြင့် ယဉ်ကျေးမှု ၊ ကိုးကွယ်ရာ ၊ ဘာ သာစကားတို့ကအစ အတော်ပင် သံတူကြောင်းကွဲ ရှိလှသည် ။ သို့သော် ရှေးခေတ်အခါမှပင် ပြည်ထောင်ချင်း ၊ မင်းချင်းတို့သည် မိမိတို့ပိုင်နက် ၊ သြဇာအာဏာတို့ဖြင့် သီးသီးသန့်သန့်နေထိုင်ခဲ့ကြခြင်း ဖြစ်သည် ။ ရခိုင် ပြည်သည် မြန်မာပြည်ထဲတွင် မည်သည့်အချိန် ၊ မည်သည့်မင်းလက်ထက်ကမှ ကျရောက်ခဲ့ခြင်း ၊ သြဇာခံခဲ့ ရခြင်း မရှိခဲ့ချေ ။ တစ်ခါတစ်ရံတို့တွင် မြန်မာတို့ ရခိုင်ကို စစ်ရေးအသာစီးရလျှင် ရခဲ့မည် ၊ ထိုနည်းအတူပင် ရခိုင်တို့ သည်လည်း မြန်မာတို့အပေါ်တွင် စစ်ရေးအရ အသာစီးရလျှင်ရခဲ့လိမ့်မည် ။ သို့သော် တစ်နိုင်ငံ၏ ယဉ်ကျေးမှု ၊ ရိုးရာဓလေ့ ၊ ဘာသာစကား ၊ မင်းစဉ်မင်းဆက်တို့ကို စိုးမိုးနိုင်ချုပ်ချယ်နိုင်လောက်သည်ထိ မဖြစ်ခဲ့ကြချေ ။
 အစောဆုံး ရခိုင်ပြည်သို့ မြန်မာမင်း ရောက်ရှိခဲ့သည်မှာ ပုဂံခေတ် အနော်ရထာမင်း ဖြစ်သည် ။ လေးမြို့ ပဉ္စာခေတ် ( သက္ကရာဇ်- ၃၇၉-၄၂၁ ) AD-၁၀၃၄ တွင် ဖြစ်သည် ။ အနော်ရထာမင်း ရခိုင် ပြည်သို့ ရောက်လာခြင်းကို တချို့သုသေသီတို့က အိန္ဒိယဒေသမှသာကီဝင်သတို့သမီးလောင်း ပဉ္စကလျာဏီ မင်းသမီးကို ရခိုင်ပြည်မှ လာကြိုခြင်းဖြစ်သည်ဟုဆိုကြသည်။ ထိုအချိန်က အနော်ရထာမင်းကြီးသည် ရခိုင်ပြည် မင်းစဉ်မင်းဆက်တိုင်း၏ အထွဋ်အထိပ်ထားကိုးကွယ်လာခဲ့ကြသော မဟာမုနိဘုရားကိုဖူးတွေ့မိကာ ကြည်ညို လွန်းသဖြင့် ပင့်ဆောင်ရန် ကြိုးစားခဲ့သေးသည် ။ ပင့်ဆောင်၍မရသဖြင့် ငါးလခန့် ကြည်ညိုသဒ္ဒါပွားများနေ ထိုင်ခဲ့ပြီးမှ ပုဂံသို့ပြန်ခဲ့သည် ။ တချို့ရာဇ၀င်တို့တွင် ဘုရားတန်ဆောင်းအသစ် နှင့် မကိုဋ်တော်ကို ပြုလုပ်လှူ တန်းခဲ့သည် ဟု ဆိုသည် ။ ထိုအချင်းအရာနှင့်ပတ်သက်၍ ပုဂံအနော်ရထာမင်းသည် ရခိုင့်ပြည်ဓည၀တီမြို့ ဟောင်းတွင် ကိန်းဝပ်စံပါယ်လျှက်ရှိသော မဟာမုနိရှင်တော်မြတ်ကို ဖူးတွေ့ရပြီးနောက်တွင်မှ ဗုဒ္ဓဘာသာအယူ ကို လက်ခံခြင်း ဖြစ်နိုင်သည်ဟု ကောက်ချက်ဆွဲမှုများလည်း တွေ့ရသည် ။ ပုဂံသို့ ရှင်အရဟံ သာသနာပြုရန် ရောက်သောအချိန် နှင့် ရခိုင့်ဓည၀တီမြို့ဟောင်းမှ မဟာမုနိဘုရားကြီးသို့ အနော်ရထာရောက်ရှိခဲ့သော အချိန် တို့ကို စိစစ်လေ့လာသင့်ပါသည် ။ တစ်ခုရှိသည်မှာ ထိုသို့ ရခိုင်ပြည်သို့ ပုဂံပြည် အနော်ရထာမင်းရောက်ရှိပြီး မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို မြင်တွေ့ဖူးမျှော်ခဲ့ရချိန်မှစတင်ကာ နောက်ပိုင်း မြန်မာမင်းတို့သည် ရခိုင်ပြည် မှ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်ခွင့်ပြုချက်ဖြင့်သွန်းလုပ်ခဲ့သည်ဟု ရာဇ၀င်အဆိုရှိခဲ့သော မဟာမုနိရုပ်ပွားတော် မြတ်ကို ကိုးကွယ်လိုကြသဖြင့် နည်းအမျိုးမျိုးဖြင့်ယူဆောင်ရန် ကြိုးစားခဲ့ကြသည် ။ ရခိုင့်ရာဇ၀င်များတွင် အဦး ဆုံးရောက်ရှိခဲ့သော အနော်ရထာမင်းသည်လည်း မဟာမုနိဘုရားကြီးကို ပင့်ဆောင်ရန် ကြီးမားသောတပ်မ တော်ကြီးဖြင့် ဗူးရွက်မညှိုးလမ်းမှ ၀င်ရောက်လာခဲ့ရာ ပင့်ဆောင်မရသဖြင့် ပြည်တော်ပုဂံသို့ လက်လျှော့ကာ ပြန်ခဲ့ရသည် ဟု ဖော်ပြထားသည် ။
 ရခိုင့်လေးမြို့ခေတ် ပဉ္စာမြို့ကို ဘုရင်ကြီးမင်းဘီလူး ( AD-၁၀၆၂-၁၀၆၈) မှ မိဖုရားစော စစ်နှင့် နန်းစံသည် ။ ဘုရင်ကြီးတွင် သားတော် မင်းရဲဘယနှင့် သမီေးတာ် စောပေါက်ညို(မြပေါက်ညို) တို့နှစ် ယောက်ထွန်းကားခဲ့သည် ။ ထိုသားသမီးနျစ်ပါးကိုပင် သာကီဝင်တို့ထုံးရိုးအတိုင်း ဆောင်နှင်းထိန်းမြားစေကာ သားတော်ကို အိမ်ရှေ့အရာအပ်နှင်းထားခဲ့သည် ။ ဘုရင်ကြီး မင်းဘီလူးသည် AD-၁၀၆၈ တွင် အမတ်ကြီး အသင်္ခယာ( ၀ရောင်းငှက်အသင်္ခယာ) ၏ လုပ်ကြံခြင်းကိုခံရကာ ကံတော်ကုန်ခဲ့သည် ။ ၀ရောင်းငှက်အသင်္ခယာ သည် နန်းတွင်းရှိ ရခိုင့်နန်းရိုးများကိုလည်းလိုက်လံသုတ်သင်သဖြင့် ဘုရင်ကြီးမင်းဘီလူး၏သားတော် အိမ်ရှေ့စံ မင်းရဲဘယနှင့် စောပေါက်ညိုတို့မှာ အရှေ့ပြည်သို့ထွက်ပြေးတိန်းရှောင်ရင်း ပုဂံပြည် ကျန်စစ်သားမင်းထံတွင် ခိုလှုံခဲ့ကြသည် ။ ထိုရခိုင့်နန်းရိုးမှန် အိမ်ရှေစံ မင်းရဲဘယနှင့်စောပေါက်ညိုတို့မှ ပုဂံတွင်ပင် သားတော် လင်္ကျာ မင်းနန်ကို ဖွားမြင်ခဲ့သည် ။ ကျန်စစ်သားမင်းနတ်ရွာစံသောအခါ ပုဂံထီးနန်းကို ဆက်ခံရသူ အလောင်းစည်သူ မင်း AD-၁၀၉၂ က ၄င်း၏ နန်းစံနှစ် ၁၁ နှစ် ၊ AD-၁၁၀၃ သို့ရောက်သောအခါ ရခိုင့်နန်းရိုးမှန် မင်းရဲဘယ၏ သားတော် လင်္ကျာမင်းနန်ကို ရခိုင်ထီးနန်းကိုပြန်ရစေရန် နန်းတင်ပေးခဲ့သည်။ ထိုအချိန်တွင် ရခိုင်ပြည်၌ နန်းလု အမတ် ၀ရောင်းငှက်အင်္သယာ ( AD-၁၀၆၈-၁၀၇၆) ၏ သားတော် ( ၃ ဆက်မြောက်ဘုရင် ) မင်းပတိ (AD-၁၀၉၀-၁၁၀၃) က နန်းစံနေချိန် ဖြစ်သည် ။ ထိုအချိန် AD-၁၁၀၃ ခုနှစ်တွင်ပင် ပုဂံပြည်မှ အလောင်းစည်သူမင်း သည် ရေကြောင်းမှ မွန်စစ်တပ် ၊ ကုန်းကြောင်းမှ မြန်မာစစ်တပ်တို့ဖြင့် ကြည်း ၊ ရေ နှစ်ကြောင်းခွဲကာ ရခိုင် ပြည် ပဉ္စာမြို့သို့ စစ်ချီစေခဲ့သည် ။ ထို့နောက် နန်းလုအမတ်မျိုးရိုး မင်းပတိကို ဖြုတ်ချပြီး မင်းဘီလူးဘုရင်၏ မြေးတော် ( မင်းရဲဘယ၏ သားတော်) လင်္ကျာမင်းနန်ကို ထီးနန်းပြန်တင်ခဲ့ကြသည် ။ အိန္ဒိယပြည် ဘီဟာနယ်ရှိ ဗုဒ္ဓဂါယာကျောက်စာတွင် လင်္ကျာမင်းနန်သည် သူ၏အမည်ကို ပျူတစ်သိန်းမင်းဟု ရေးထိုးထားကြောင်းကို ဦး ထွန်းရွှေခိုင်၏ ရခိုင်ရှေးဟောင်းမြို့တော်များ စာအုပ်တွင် တွေ့ရသည် ။ ရခိုင်မင်းသမီးဧချင်းတွင်လည်း ထိုအ ကြောင်းကို ပျူတစ်သိန်း ၊ မွန်တစ်သိန်းစသော အရေးသားတို့ဖြင့်ထည့်သွင်းရေးစပ်ထားသည်ကိုတွေ့ရသည် ။
 ထိုသို့ ထီးနန်းပြန်တင်ပေးလာကြသော မြန်မာမင်းတို့၏ စစ်တပ်မှ မွန်နှင့် မြန်မာရဲမက် တို့သည် ရခိုင့်မဟာမုနိဘုရားကြီးကို တွေ့သောအခါ ယူဆောင်ကြရန် ကြိုးစားကြပြန်သည် ။ သို့သော် ပင့် ဆောင်မရသဖြင့် ရုပ်ရှင်တော်မြတ်ကြီးပေါ်တွင် သွန်းထားသော ရွှေ ၊ ငွေရတနာတို့ကို ခွာယူကြသည် ။ ထို့ နောက် ရုပ်ရှင်တော်မြတ်ကြီးတစ်ကိုယ်လုံးရှိ ရွှေထည်များကို အရည်ဖျော်ယူဆောင်ရန် ဖိုကျင်ထိုးကြရာ အရည် ဖျော်မရသဖြင့် ကျောသားနှင့် ပေါင်တော်သားစသော လွယ်ကူရာနေရာတို့ကိုဖဲ့ဖြတ်ကာ ယူငင်သွားကြကြောင်း နှင့် လူသူမနီးရာတောတောင်အရပ်တို့တွင် ရုပ်ပွားတော်မြတ်ကို မြေမြှုပ်ကွယ်ဝှက်ထားခဲ့ကြကြောင်း ဗျာဒိတ် တော်ကို ကိုးကားထားသော ဦးရွှေဇံကျမ်းတွင် တွေ့ရသည် ။ မဟာမုနိရုပ်ပွားတော်ကြီးမှာ ဆိုးဆိုးဝါးဝါးပျက်စီး ခဲ့ရသည် ။ နောင်တွင်ပုဂံပြည်မှ အလောင်း စည်သူမင်းသည် လင်္ကျာမင်းနန်ထံသို့ မဟာမုနိရုပ်ထုတော်ကို ပုဂံသို့ဆက်သရန် တောင်းခံခဲ့သော်လည်း ကျေးဇူးတော်ခံရှိသော လင်္ကျာမင်းနန်မှာ ( မငြင်းဆန် ၊ မလုပ် ဆောင် = ပြန်မပြော နားမထောင်သဘောဖြင့် ) မဟာမုနိရုပ်ပွားတော်မြတ်ကို ပျောက်ဆုံးနေကြောင်း အကြောင်းပြကာ မွန်နှင့် မြန်မာရဲမက်တို့ဝှက်ထားခဲ့သောနေရာတွင်ပင် ထိုအတိုင်းသာ ရှိနေစေခဲ့သည် ။
 ရခိုင့်မဟာမုနိရုပ်ရှင်တော်မြတ်သည် ထိုအချိန်မှစတင်ကာ ခြုံနွယ်တို့ကြားတွင် နှစ်ကာ လအလီလီ နစ်မြုပ်ကာ ဖော်ထုတ်သူမရှိပဲ မေ့မေ့လျှောလျှောဖြစ်ရင်း နေရာဒေသကို သိသူပင်မရှိတော့သည့် အထိ ဖြစ်ခဲ့ရသည် ။ အထူးသဖြင့် မြန်မာတို့၏ လိုချင်တပ်မက်သောဇောကြောင့် စစ်ချီလာမည်ကို မလိုလားခဲ့ ကြသော ရခိုင်မင်းတချို့တို့က မဟာမုနိရုပ်ရှင်တော်မြတ်ကို ထိုအတိုင်းပင် ကွယ်ပျာက်နေစေခဲ့ကြခြင်းလည်း ဖြစ်နိုင်ပေသည် ။ သို့သော် လင်္ကျာမင်းနန်မှအစ မင်းဆက် ၇-ဆက်မြောက် ၊ AD- ၁၁၂၃- ခုနှစ်သို့ရောက် သောအခါ ရခိုင်ပြည်လေးမြို့ခေတ် ပုရိန်မြို့တွင် ဘုရင်ကြီး ဒသရာဇာ(AD-၁၁၂၃-၁၁၃၉) မင်းပြုစိုးစံလာခဲ့ သည် ။ ထိုမင်းသည် သာသနာရေးကိုလည်းအလွန်ပင် ဦးစားပေးသောမင်းဖြစ်သောကြောင့် ရခိုင့်ဘုရင် မင်း အဆက်ဆက်တို့ကိုးကွယ်ခဲ့ကြသော မဟာမုနိဘုရားကြီးကို ပြန်လည်ရှာဖွေရယူခဲ့ပြီး မူလနေရာတွင်ပင် ပြန် ထားကာ ကိုးကွယ်ခဲ့သည် ။ အစပိုင်းတွင် ဘုရင်ကြီး ဒသရာဇာသည် မဟာမုနိဘုရားကြီးကို ရှာဖွေမတွေ့နိုင်ပဲ ဖြစ်နေသောကြောင့် ရှာတွေ့နိုင်သူများကို ဆုတော်လာဒ်တော်များပေးရန်ပင် ဆုငွေထုတ်ခဲ့ရသည် ။ နောက်ဆုံး တွင် မောက်သူဇာ(Mushidabad)မြို့စား ရခိုင့်ပညာရှိအမတ်ကြီး ၀ိမလမှ ပျားစွဲနိမိတ်ကိုဖတ်ကာ မြောက်ဘက် အရပ်တွင်အမှန်တကယ်ရှိလိမ့်မည်ဟု ဟောပြောသည့်အတိုင်း မူးမတ်များကလိုက်ရှာကြရာ ၀ါးချောင်းဖျားတွင် အပျက်ပျက်အစီးစီးဖြင့် ကိုယ်တစ်ပိုင်းနစ်မြုပ်နေသော ရုပ်ထုတော်ကြီးကို ပြန်လည်ရှာတွေ့ခဲ့ကြသည် ။ မြန်မာ စစ်သည်ရဲမက်များ ဖိုကျင်ထိုးယူသွားခဲ့ကြသောအတိုင်း လက်ယာဘက်ပေါင်တော်နှင့် ကျောဘက်သားများ ပျက်စီးလျှက် ပြန်တွေ့ခဲ့ကြခြင်း ဖြစ်သည် ။ ထိုသို့ပြန်တွေ့သည့် ၀ါးချောင်းဖျားတစ်နေရာမှပင် ကုန်းကြောင်း ၊ ရေကြောင်းတို့ဖြင့် ပြန်လည်သယ်ယူပင့်ဆောင်လာခဲ့ကြပြီး မူလကိန်းဝပ်တော်မူနေခဲ့ရာ ဓည၀တီမြို့တော် ကတညုတတောင်ပေါ်တွင် ကြီးကျယ်သော အခန်းနားပြုလုပ်ကာ ပုလ္လင်ပေါ်တင်၍ ကိုးကွယ်ခဲ့သည် ။ ပြန် လည်ပြုပြင်မွန်းမံခြင်းနှင့် ကောင်းမှုကုသိုလ်ပြုအထိန်းအမှတ်ပွဲပြုလုပ်ရာတွင်ပင် အနယ်နယ်အရပ်ရပ် မိတ်ဖက် နှင့် လက်အောက်ခံနယ်မြေပြည်ထောင်များမှ မင်းပေါင်းဗိုလ်ပါတို့တက်ရောက်ခဲ့ကြသည်ဟု ဆိုသည် ။ ထို အချိန်မှစကာ မြန်မာတို့လိုချင်တပ်မက်ကြသော ရခိုင့်မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသည် ရခိုင်ပြည်တွင် ပြန်လည်အသက်ဝင်ထင်ရှားနေခဲ့ပြန်သည် ။
 အင်းဝဘုရင်မင်းခေါင်နှင့် မွန်ဘုရင်ရာဇဓိရာဇ်တို့တိုက်ပွဲကြားတွင် ရခိုင်ပြည် လောင်း ကြက်မြို့သည် မြေဇာပင်ဖြစ်ခဲ့ရဖူးသည် ။ သို့သော်လည်း ရခိုင်သည် မြန်မာလက်အောက်ခံမဖြစ်ခဲ့ပေ ။ ပထမ တွင် ရခိုင်ဘုရင် မင်းစောမွန်(AD-၁၄၀၄-၁၄၃၀) သည် စစ်ရှောင်သွားခဲ့ရသဖြင့် မြန်မာမင်း အင်းဝမင်းခေါင်၏ သမက်တော် နော်ရထာနှင့် သမီးတော် ရွှေပြည့်ချမ်းသာတို့သည် လောင်းကြက်ကို ခဏတာ သိမ်းယူထားနိုင်ခဲ့ သည် ။ နော်ရထာနှင့် ရွှေပြည့်ချမ်းသာတို့သည် ရခိုင် ပြည်သူတို့ကို ညှင်းပန်းနှိပ်စက်ကြသဖြင့် ပြည်သူများမှ ပုန်ကန်ကြသည် ။ ထိုအခါ သံတွဲတွင်ရှိနေသော သံတွဲစား မင်းခရီ ခေါ် နရနု ( ရခိုင်ဘုရင်မင်းစောမွန်၏ညီ ) မှ ပြည်မြို့( ဟံသာဝတီ ) သို့သွားရောက်ကာ မွန်ဘုရင် ရာဇဓိရာဇ်နှင့် မဟာမိတ်ဖွဲ့ခဲ့ပြီး စစ်ကူရယူခဲ့သည် ။ ထိုသို့ မွန်ဘုရင် ရာဇဓိရာဇ်၏ စစ်ရေးအကူညီဖြင့်ပင် ရခိုင့်လောင်းကြက်ကို ပြန်လည်တိုက်ခိုက်သိမ်းယူကာ အစ်ကိုတော်အစား လောင်းကြက်ထီးနန်းကို ခေတ္တခဏ စိုးစံထားခဲ့သည် ။
……………………………………………………………………………………………………………………………………
ရက္ခ

No comments:

Post a Comment