Friday, December 11, 2015

ရခိုင်ရိုးရာ ရထားဆွဲပွဲ အကြောင်းကို ဖတ်မိသလောက် ပြန်မျှဝေပေးတာပါ
******************************************************************************

စာဆိုဥက္ကာပျံ၏ (၁၂)လရာသီဘွဲ့တွင် "ကုံရာသီတပို့တွဲသည်၊ လွမ်းဖွယ်ပင် ပျော်ရွင် လူ့ရပ်မြေ ရထားငယ် တာသဘင်၊ နှစ်စဉ်ငင်ကေ၊ သောင်းခွင်ရို့ပြည်ထက်"ဟူ၍ ရထားပွဲတော် အကြောင်းကို စပ်ဆိုခဲ့သည်။ ရထားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း (၁၄)ရက်မှ လပြည့်ကျော်(၁)ရက်နေ့အထိ ကျင်းပလေ့ရှိသည်။ ရထားဆွဲပွဲကို ညနေ(၉)နာရီမှ စတင်ပြီး သန်းခေါင်ကျော်အထိ အပြန်အလှန် ဆွဲလေ့ရှိကြသည်။ ရထားဆွဲ ပွဲနားချိန်တွင် အကျွေးအမွေး အတီးအမှုတ်တို့ဖြင့် ကခုန်ကာ တပျော်တပါး စည်ကားစွာ ကျင်းပကြသည်။ တနည်းအားဖြင့် ရထားဆွဲပွဲသည် ရွာလုံးကျွတ်၊ မြို့လုံးကျွတ်ပါဝင်ရသော ပျော်ပွဲရွှင်ပွဲကြီးဖြစ်၍ စည်းလုံး မှုနှင့် စုပေါင်းခြင်းသဘာဝကို ဖော်ပြသည့် ပွဲတော်လည်းဖြစ်သည်။ ရထားကို ပြည်သူအများ ရွာဟုန်ရွာလုံး ကျွတ် ဆွဲကြရသဖြင့် အထူးခိုင်ခံ့အောင် ပြုလုပ်ရသည်။

ရထားဘောင်ကို အထူးခိုင်ခံ့အောင် ဦးစွာပြုလုပ်ရပြီး ရထားစက်ဘီးကို တပ်ရသည်။ စက်ဘီးဝင်ရိုးကို သင်းပင်း၍စိုက်ကာ၊ ဖိုးခေါင်ကြိမ်နဗက်ခြမ်းများဖြင့် အထပ်ထပ်ခိုင်အောင် ချည်ရသည်။ ထို့နောက် ၀ါးညွန့် ကို ရထားညွန့်အဖြစ်စိုက်ထူပြီး ၀ါးညွန့်ထက်၌ အောင်ဆုအောင်လံတော်ကို စိုက်ထူရပြန်သည်။ ရထား ဆင်ပြင်၍ ပြီးသောအခါ တစ်ဘက်စီတွင် ခိုင်ခံ့သော ကြိုးတစ်ချောင်းစီကို တပ်ဆင်ပေးရသည်။ ရှေးအခါ က နွယ်ကြိုး၊ ၀ါးကြိုးများကို အသုံးပြုခဲ့ကြရသည်။

ရထားဆွဲသည့်အခါ၌ လူသန်ယောက်ျားကြီးများက နှစ်ဘက်မှနေပြီး ထိန်းပေးကြရသည်။ ရထားအပေါ် သို့ မြောက်တက်သည့်အခါများတွင် ရထားဘောင်ကိုတက်၍ ထိန်းပေးရသည်။ ရထားဆွဲဖန်များလာ၍ ရထားစက်ဘီးများ အသံမြည်လာသောအခါ ရထား အစာတောင်းသည်ဟုဆိုပြီး ငှက်ပျောပင်ကို ရထားဝင် ရိုးထဲသို့ ထည့်ပေးရသည်။ ရထားကို ယောက်ျားတစ်ဘက်၊ မိန်းမတစ်ဘက် ဆွဲလေ့ရှိကြသည်။ ရထားပြု လုပ်စီစဉ်ပေးသည့်ရွာကို "ရွာခံရွာ"ဟု ခေါ်သည်။ တစ်ရွာနှင့်တစ်ရွာလည်း အပြိုင်ဆွဲကြသည်။ ရထားပွဲသ ဘင်တွင် လူပျို၊ အပျို၊ လူရွယ်၊ မင်းကျွန်၊ လူကြီးသူအို အားလုံး ပါဝင်နိုင်သည်။ သံချပ်များသီဆိုပြီး၊ အိုးစည် ဗုံမောင်းတီးကာ ကခုန်၍ ရထားဆွဲကြရသည်မှာ အလွန်ပင်ပျော်စရာ ဖြစ်သည်သာမက အမျိုးသားအချင်း ချင်း စည်းလုံးညီညွတ်မှုကိုလည်း ရရှိခိုင်မာစေလေသည်။ မျိုးချစ်စိတ်ဓါတ်ကိုလည်း ထပ်လောင်းဖြစ်ပေါ်စေပေသည်။

ရထားဆွဲပွဲတွင် အသင်း တသင်းတွင် အနည်းဆုံး လူ (၂၀)ခန့်ပါဝင်ကြပြီး တစ်ဘက်နှင့် တစ်ဘက် အနိုင်အရှုံး အတွက် သုံးကြိမ် တိုင်တိုင် အားပြိုင်ဆွဲကြ ရသည်။ ရှေးယခင်က ဗိုလ်စွဲသည့် အဖွဲ့မှာ တပို့တွဲ လပြည့်နေ့ သန်းခေါင်မကျော်မီ ရထားယာဉ်ကို မီးရှိုးခွင့် ရရှိကြသည်။ ယခု မျက်မှောက်ခေတ်တွင် ရထား မီးရှို့ခွင့် အပြင် နောက်ဆုံးနေ့တွင် ရွှေဖလား၊ ငွေဖလား စသည့် ဆုများကိုလည်း ချီးမြှင့်လေ့ ရှိကြသည်။

ရထားပွဲတော်ကို ကုံရာသီ (ခေါ်) တပို့တွဲလတွင် ကျင်းပလေ့ရှိပြီး ရခိုင်ဘုရင်များလက်ထက် အမတ်ကြီး ဦးမြ၀ါ သေဆုံးပြီးနောက်ပိုင်း မှ စပြီး ပေါ်ပေါက်လာသည်ဟု သမိုင်းမှတ်တမ်း မှတ်ရာများ အရ သိရသည်။

ရထားကို ငွေကုန်ကြေးကျခံကာ ပန်းနွယ်ပန်းခက် သစ်ဝါး အညွှန့်အခက်များဖြင့် အလှတန်ဆာဆင်ကာ ပြုလုပ်ရပြီး သစ်သားဖြင့် အခိုင်အမာပြုလုပ်ထားသော ဘီးလေးလုံးပါ ရထားယာဉ်ငယ်ပေါ်တွင် တပ်ဆင်ကာ တစ်ဖက်နှင့် တစ်ဖက် အပြိုင်အဆိုင် လွန်ဆွဲကြသည့် ရထားဆွဲပွဲတော် ဖြစ်သည်။ ရခိုင်ရိုးရာ ရထားပွဲတော်သည် ဆယ့်နှစ်လရာသီ ပွဲတော်များအနက် ထင်ရှားသော ပွဲတော်တစ်ခုဖြစ်ပြီး နှစ်စဉ် နှစ်တိုင်း တပို့တွဲ လပြည့်မကျော်မီ ကျင်းပရသော ပွဲတော် တစ်ခုလည်း ဖြစ်သည်။

ရထားပွဲသံချပ်ကြီး

ယောက်ျားဘက်။ ။ မောင်ရို့ မောင်ရို့ (လေး) (လေး)
လက်မောင်းလက်ဖန် ပြောက်တန်လောက်နန့် ရထားဆွဲဖို့ လာလတ်တေ။
 ဗေဒင်ဝှရား၊ မိန်းခယင့်လား၊ ဂြိုလ်လားဂြိုလ်လာ ဇာတာစောင်းလို့၊
 ရထားရှုံးဖို့ မြင်လတ်တေ အရှက်ရမေ မလာကတ်ကဲ့၊
 ဒေါက်ဖနပ်ကြီး စီးလို့လာ လမ်းလျှောက်တေခါ ယိုင်ဗီယိုင်ဗား၊
 ရထားဆွဲဖို့ လာလတ်ခါ ကြိုးကိုပါအောင်ဆွဲနိုင်ယင့်လား၊
 ကြိုးကိုကိုင်လို့ လက်ပေါက်ကေ၊ ပ၀ါချေနန့် ပတ်လို့ထားဂတ်၊
 အိုမရီးရို့ မရီးရို့၊ မမခေါင်းဆောင် ထိုအရီးက၊
 ခါးကြိုးစည်းလို့ ထွက်လတ်တေ၊ ကလေလူချေ ကျွန်တော်ရို့နန့်၊
 ရထားပြိုင်လို့ ဆွဲရေခါ လဲပါလားမေ သတိထားဂတ်၊
 ယောက်ျားဘက်က မောင်ရို့မှာ နိုင်ဖို့ဆိုစွာ ကျိန်းသီသိလို့၊
 ဆွဲရဖို့တောင် အားနာရေ၊ ဆိတ်နန့်ဆင်ပုံ ပမာပြလို့၊
 အားချင်းမမျှ ယုံဂတ်ပါ၊ ဘုရားသတ်စီ နိုင်ဖို့ဖက်သား၊
 စေတနာနန့် ပြောခမေ၊ ရှုံးဖို့လာရေ အိုမရီးရို့၊
 လဲပြိုကျလို့ ဒူးပွန်းကေ၊ အရှုံးပီးဗျာယ် ပြန်ဂတ်ပါလင့်၊
 ဆွဲနီလို့လဲ အပိုရာ၊ ကမ္ဘာဆုံးတောင် နိုင်ဖို့မဟုတ်၊
 ခါချိုင်ကောင်ပိုင် မာဟုန်ကြီးလို့၊
 ထိုတောင်ကြီးကို ဖြိုဖို့ကြံ၊ ခါးကမသန် မာန်ကိုလျှော့ဂတ်၊
 မာန်ကိုလျှော့လို့ ပြန်ဂတ်လီ၊ ပြန်ရာပြန်လီ အို မရီးရို့၊
 မောင်ရို့ မောင်ရို့ (လေးလေး)၂ မောင်ရို့လေး ၀ါး။ ။

မိန်းမဘက်။ ။ လက်မောင်းလက်ဖန် အကြီးသန်နန့်၊
 ရထားဆွဲဖို့လာလတ်တေ၊ နိုင်ဖို့ထင်ရေ အို အမောင်ရို့၊
 နားထောင်ဂတ်ဖို့ ပြောပြမေ၊ လောကအလယ် အကျွန်ရို့မှာ
 မောင်းထောင်းရီခပ် တတ်မျိုးစုံ၊ လက်မျိုးအစုံ အောင်တိုင်းမြောက်လို့၊
 ရထားချေလောက် ဆွဲရာမှာ၊ မနိုင်စရာ အကြောင်းမဟိ၊
 ညီညီညာညာ ခွန်အားစိုက်လို့၊
 အကျွန်ရို့က ဆွဲလိုက်ကေ၊ တာပြတ်လဲမေ သတိထားဂတ်၊
 မမ တိရာ ဆိုပြီးကေ၊ ခွန်အားငယ်ရေ ထင်မိမှားလို့၊
 ရထားပွဲမှာ ဆွဲရေခါ၊ အံ့သြစရာ မောင်ရို့ရှုံးလို့၊ ယူကြုံးမရ ဖြစ်လိမ့်မယ်။
 လွန်လီခရေ ရထားပွဲမှာ၊ အကျွန်ရို့ကို နိုင်ဖူးယင့်လား၊
 စကားလုံးက ကကြီးကျယ်၊ အလံယူရေ နောက်ဆုံးနိန့်မှာ၊
 ကကော့လန်လို့ ရှုံးလိမ့်မယ်၊ သေသေချာချာ ကြည့်လို့ဆွဲဂတ်၊
 ရပ်စောက်ထလို့ အားကိုပျင်၊ ကြိုးကို ဒေါင်တင်ညီအောင်ဆွဲလို့၊
 ရထားပွဲမှာ အရီးရာ၊ ရှုံးရေမျက်နှာ ဖုံပြာပြာနန့်၊
 အမောင်ရို့ရာ ပြန်ကတ်လီ၊ ဇာမထီရေ မမဘက်သား၊
 လဆုပ်ရက် နောက်ဆုံးမှာ၊ အောင်ပွဲခံကာ အလံယူဖို့၊
 ရထားမီးတိုက် ကျိန်းသီပါ၊ ယှဉ်ပြိုင်လာလို့ ရဖို့မဟုတ်။

(ဤသို့ အားဖြင့် ရထားတစ်ကြိမ်ဆွဲလျှင် သံချပ်တစ်ခေါက်စီထိုးကြသည်။ နောက်ဆုံးတွင် အနိုင်ရသည့် ဘက်က အလံနှင့်ရထားကိုယူကာ မီးတိုက်ကြလေသည်။) [ဆရာကြီး ဓညစံ၏မူကို ဖော်ပြပါသည်]

ဦးရွှေဇံ

ရခိုင်သမိုင် အလင်းပြကျမ်းမှ

No comments:

Post a Comment